မူရင် – သက်ဝေ

မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ နှစ်ဖက်သော စစ်တပ်တွေက လိင်ပိုင်းဆိုင်ရာ စော်ကားအကြမ်းဖက်မှု စတဲ့လူ့အဖွဲ့ အစည်းတွင်းမှာ မြင်တွေ့ရ၊ ကြားရတဲ့ အကြမ်းဖက်မှုသတင်းတွေက မြန်မာပြည်တစ်ပြည် တည်းမှာ ဖြစ်ပွားနေတာမဟုတ်ပါဘူး။ ဒါဟာ တစ်ကမ္ဘာလုံးမှာကို နေ့စဉ်နဲ့အမျှ ကြားနေရတဲ့ သတင်းတွေပါ။ တမ္ဘာလုံးမှာရှိတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကို ဆက်စပ် သုံးသပ်ကြည့်ရမယ်ဆိုရင်  စစ်ဝါဒစံတန်ဖိုးတွေဟာ လူ့အဖွဲ့အစည်းအတွင်း နေ့စဉ် မသိမသာ လိုက်နာကျင့်သုံးလာတဲ့ စံတန်ဖိုးတွေဖြစ်လာတယ် လို့ ဆိုကြတယ်။ စစ်ဝါဒဆိုတာဟာ စစ်တပ်တစ်ခုတည်းကပဲ ကျင့်သုံးတာမဟုတ်ဘဲ စစ်တပ်ရဲ့စံတန်ဖိုးတွေဟာ လူတွေရဲ့ နေ့စဉ်ဘဝထဲကို စိမ့်ဝင်သက်ရောက်နေပြီး လူတွေကလိုက်နာကျင့်သုံးနေလို့ မြဲမြံနေတဲ့ ဝါဒတစ်ခုလည်း ဖြစ်ပါတယ်။ စစ်ဝါဒက ကျားပဓာနပြုဝါဒ (Patriarchy) ကိုအကျိုးရှိစေတယ်၊ ဖိုဆန်တာ ကိုအားပေးတယ်၊ အကြမ်းဖက်မှုကိုထောက်ခံတယ်၊ လွှမ်းမိုးချုပ်ကိုင်လိုစိတ်ကို စွဲလန်း စေတယ်၊ အမျိုးသားရေးဝါဒကိုကျင့်သုံးတယ်၊ တစ်သွေးတစ်သံတစ်မိန့်ဖြစ်တယ်။ အဲဒီလို စစ်ဝါဒစံတန်ဖိုးတွေဟာ လူတွေရဲ့ နေ့စဉ်ဘဝထဲကိုစိမ့်ဝင်လာပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး က အကြမ်းဖက်မှုကိုထောက်ခံအားပေးတာ၊ ဖိုဆန်တာကို လူ့စံနှုန်းအဖြစ် သတ်မှတ်လာတာ၊ ကျားပဓာနပြုဝါဒကိုဆက်လက်အဓွန့်ရှည်စေတာကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာလည်း တစ်နေ့တခြားများပြားလာပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာပဲ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ မုဒိမ်းမှုတွေ ဖြစ်တာမဟုတ်ဘဲ မြို့ကြီးပြကြီးတွေမှာ၊ ကျောင်းတွေမှာ၊ အများသွားလာနေတဲ့ နေရာတွေမှာပါ မုဒိမ်းမှုတွေ အများကြီးကို မြင်ရ၊ ကြားရပါတယ်။ အကြမ်းဖက်ပြီး ဖိုဆန်ကြောင်းပြသတာ၊ ဖိုဆန်မှသာ လူ့အဖွဲ့အစည်းက လက်ခံပေးတာ၊ တစ်သွေးတစ်သံ တစ်မိန့်လက်ခံတဲ့ သူမျိုးတွေကို လူ့အဖွဲ့အစည်းက လူလိမ္မာအဖြစ်သတ်မှတ်ကြတာ၊ အမိန့်နာခံတဲ့လူမျိုးကိုမှ ဆုချကြတာ၊ အမျိုးသားရေးအကြောင်းပြပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တာကို ဆင်ခြေ ပေးတာ စတာတွေဟာ ယနေ့ခေတ် လူ့အဖွဲ့အစည်းရဲ့ ကျဆုံးခန်းပါပဲ။ မြန်မာပြည်မှာတင် စစ်ဝါဒဟာတစ်နေ့တခြား ကြီးထွားလာတာမဟုုတ်ပဲ နိုင်ငံတကာမှာပါ စစ်ဝါဒကြီး ထွားလာတဲ့ခေတ်ရောက်လာပါပြီ။ စစ်ဝါဒနဲ့ ကျားပဓာနပြုဝါဒ (patriarchy)တို့ ကြီးထွားလာခြင်းအပေါ် ဖမေးနစ်တွေတိုက်ရမယ့် တိုက်ပွဲကလည်း တစ်နေ့တခြား ပိုပြင်းထန်လို့လာပါတယ်။ ဒီနေရာမှာ စစ်ဝါနဲ့ ကျားပဓာနပြုဝါဒက ဘာတွေလဲ၊ ဒီဝါဒနှစ်ခုက ဘယ်လိုအပြန်အလှန် အကျိုးပြုနေလဲဆိုတာရှင်းဖို့လိုအပ်ပါတယ်။ 

ပေထရီအာခီဝါဒဆိုတာဘာလဲ

စာရေးဆရာမ ဘဲဟွပ်ခ်ပြောတာကို ပြန်ကိုးကားရမယ်ဆိုရင်ဖြင့် ပေထရီအာခီဝါဒဆိုတာ လူ့အဖွဲ့အစည်းရဲ့ လူမှုရေးရောဂါတစ်ခုပဲဖြစ်ပါတယ်။ မြန်မာလို အနီးစပ်ဆုံး ဘာသာပြန်ကြည့်တဲ့အခါမှာတော့ ကျားပဓာနပြုဝါဒပေါ့။ ကျားပဓာနပြု ဆိုတဲ့အတွက် လူ့အဖွဲ့အစည်းထဲမှာ တည်ဆောက်ထားတဲ့ စံတန်ဖိုး၊ အလေ့အထတွေဟာ ယောကျ်ားတွေကို အလယ်ဗဟိုချက်ထားပြီး လည်ပတ်နေတဲ့ ဝါဒတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ပေထရီအာခီလို့ခေါ်တဲ့ ဒီကျားပဓာနပြုဝါဒဟာ လူ့အဖွဲ့အစည်းထဲမှာ တော်တော်အသားကျလည်ပတ်နေပြီဖြစ်ပါတယ်။ ဒီကျားပဓာနပြုဝါဒမှာ အမျိုးသား တွေကို အထူးအာဏာပေးထားပြီး ဆုံးဖြတ်ချက် အများစုဟာ သူတို့လက်ထဲမှာပဲ ရှိပါတယ်။ ဒီစနစ်ထဲမှာ အမျိုးသားတွေဟာ ဘာလုပ်လုပ်တင့်တယ်နေတတ်တဲ့ လူတန်းစားတစ်စုဖြစ်ပြီး အမျိုးသမီးနဲ့ အခြားလိင်စိတ်ခံယူမှုကွဲပြားသူများကတော့ ဒီစနစ်ထဲမှာ ဘောင်မဝင်သူများ၊ ဒီစနစ်ရဲ့ထိပ်ပိုင်းမှာရှိနေတဲ့ အမျိုးသားများကို ဝန်ဆောင်မှုပေးရသူများအဖြစ်နေရပါတယ်။ ကျားပဓာနပြုဝါဒမှာ Men Vs. The Other ဆိုတဲ့ အယူအဆနဲ့ အလုပ်လုပ်ပါတယ်။ ဆိုလိုချင်တာကတော့ အမျိုးသားများကို စံပြုထားပြီး ကျန်တဲ့ အမျိုးသားမဟုတ်သူတွေကိုတော့ အခြားသူတွေဆိုတဲ့ အုပ်စုထဲထည့်လိုက်ပြီး ကွဲပြားမှုကိုထင်ရှားအောင်ပြုလုပ်ပါတယ်။ ကျားအုပ်စုဟာ ကြီးစိုးသူ၊ ပြုလုပ်သူ အမျိုးအစားထဲပါဝင်ပြီး ကျန်တဲ့ကျားမဟုတ်သူများကတော့ အကြီးစိုးခံရသူ၊ ပြဌာန်းခံရသူ၊ ပြုလုပ်ခံရသူတွေအဖြစ် သတ်မှတ်ခံရပါတယ်။ ယောကျာ်းများမှာပဲ ဆုံးဖြတ်ချက်အာဏာ၊ လုပ်ပိုင်ခွင့်၊ ပစ္စည်းဥစ္စာ၊ လက်နက်၊ စတာတွေပေးအပ်ထားပြီး ကျန်သူများ (အထူးသဖြင့်) အမျိုးသမီးများကတော့ ဘေးဖယ်ထုတ်ထားခြင်းခံရပါတယ်။ ဒီကျားပဓာနပြုဝါဒကိုဆက်လက်ပြီး တည်တံ့ စေတာကတော့ ကျား၊ မ အခန်းကဏ္ဍတွေတည်ဆောက်ပြီး မွေးရာပါ လိင်အင်္ဂါပေါ်မှာ အခြေတည်ပြီးတော့ လိင်အခြေပြုခွဲခြားခြင်းနဲ့ ဖိနှိပ်မှုများ ပြုလုပ်ခြင်း ပဲဖြစ်ပါတယ်။ အမြဲတမ်းကြီးစိုးသူနေရာမှာ ပုံဖော်ထားခြင်းခံရတဲ့ ယောကျ်ားအုပ်စုကို သန်မာတယ်၊ ဆုံးဖြတ်ချက်ပြတ်သားတယ်၊ ကျိုးကြောင်း ဆီလျော်စွာတွေးခေါ်နိုင်တယ်၊ စတဲ့ ဝိသေသ လက္ခဏာတွေပေးအပ်ထားပြီး ကျားအုပ်စုမှာမပါတဲ့ အခြားသူများ (The Others) ကိုတော့ အစောင့်ရှောက်ခံ၊ အကာကွယ်ခံ၊ အားနည်းသူများ၊ ဆင်ခြင်နိုင်စွမ်းမရှိသူများ အဖြစ် ပုံဖော်ခံရပါတယ်။ ခေါင်းဆောင်နေရာများမှာ ကျားအုပ်စုများကပဲ အလိုအလျောက် ရလေ့ရှိပြီး ပါဝါအာဏာကျင့်သုံးမှုမှာ အကြမ်းဖက်မှုကိုစံထားပြီး ကျင့်သုံးတာများပါတယ်။ လိင်ကွဲအခြေပြုစံနှုန်းများကိုသာလက်ခံကျင့်သုံးပြီး ကျား၊ မ တည်ဆောက်ခံ သဘောတရားများကိုပိုပြီး ခိုင်မာစေပါတယ်။ ပေထရီအာခီစနစ်တစ်ခုဟာ သဘာဝတစ်ခုလို၊ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ကျမတို့ရဲ့ နေ့စဉ်ဘဝမှာ လည်ပတ်နေပါတယ်။ လူသားအစ ဖြစ်တည်မှုမှာတော့ ယူဆလို့ရတာက လူတွေဟာ နေ့စဉ် ရှင်သန်ရေး အတွက် လုပ်ကြပါတယ်။ သဘာဝတရားနဲ့ အပြန်အလှန် အမှီသဟဲပြုနေကြပါတယ်။ ဂူခေတ်၊ ကျောက်ခေတ်၊ hunter-gatherer (အမဲလိုက်၊ စုဆောင်း) ခေတ်တွေကာလတွေမှာတော့ ကျား၊ မဆိုတဲ့ အခန်း ကဏ္ဍတွေဟာ အခုနောက်ပိုင်းခေတ်တွေလောက် ထင်ထင်ရှားရှား ရှိချင်မှရှိဦးမှာပါ။ ဒီလိုပြောလို့ အဲဒီခေတ်ကာလအပိုင်းတွေမှာ ပေထရီအာခီ မရှိခဲ့ဘူး လို့တော့ ယူဆလို့မရနိုင်ဘူး။ အဲဒီခေတ်ကာလတွေမှာရော ပေထရီအာခီစနစ် ကျင့်သုံးနေပြီလားဆိုတာကို အခုခေတ်မှာသိဖို့က မနုဿဗေဒပညာရှင်တွေရဲ့ စာတမ်းတွေ၊ သုတေသနတွေက နေတဆင့်တော့ သိနိုင်မယ်ထင်ပါတယ်။ ကျမတို့သိတဲ့ သမိုင်းကနေ ပေထရီအာခီ ကိုပြန်လိုက်ကြည့်ရင်တော့ အမျိုးသားတွေဟာ မျိုးပွားမှုအခန်းကဏ္ဍမှာ သူတို့ရဲ့ အခန်းကဏ္ဍကိုလည်း သိရှိသွားပြီးနောက်မှာတော့ အမျိုးသမီးတွေခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး လွှမ်းမိုးလာကြတာပါပဲ။ တဆက်တည်းမှာပဲ အဲဒီခေတ်ကာလတွေမှာ နယ်မြေချဲ့ထွင်ရေးအတွက် စစ်တွေတိုက်ကြရပါတယ်။ နယ်မြေတွေကျူးကျော်ဖို့ တစ်ဖက်နဲ့တစ်ဖက် သတ်ဖြတ်ကြရတယ်။ လေ့လာမိသလောက်ကတော့ အမျိုးသမီး တွေအားနည်းလို့ စစ်ပွဲမထွက်တာဆိုတာထက် အဓိကဦးစားပေးက နယ်မြေချဲ့ထွင်ရေးနှင့် လူဦးရေ မျိုးဆက်မပြတ်သွားရေးဖြစ်နေတဲ့အတွက် မျိုးဆက်ပြန့်ပွားဖုုိ့အတွက်မှာ အဓိကကျနေတဲ့ အမျိုးသမီးတွေကိုစစ်ပွဲ ထွက်မတိုက်ခိုင်းတာပါ။ အမျိုးသား တွေသေသွားရင် ကိစ္စမရှိပေမယ့် မျိုးနွယ်စုဆက်ပြီး ရှင်သန်ရေးအတွက် အမျိုးသမီး တွေက ကလေးမွေးပေးနိုင်တယ်ဆိုတဲ့ အတွေးအခေါ်နဲ့ အမျိုးသမီးတွေ စစ်ထွက် မတိုက်ကြတာပါ။ အဲဒီ့နောက်ပိုင်းမှာမှ စစ်ပွဲတွေမှာ တစ်ဖက်ကရန်သူ စစ်သုံ့ပန်းတွေ ကိုခေါ်လာပြီး ကိုယ်ပိုင်ပစ္စည်းအဖြစ်၊ ကျွန်အဖြစ်ခိုင်းစေခဲ့ကြပါတယ်။ အဲဒီကမှ ကိုယ်ပိုင် ပစ္စည်းဆိုတဲ့၊ ကျွန်ဆိုတဲ့ အတွေးအခေါ်တွေပေါ်လာပြီး အမျိုးသမီးတွေကိုလည်း စပြီး ကိုယ်ပိုင်ပစ္စည်းဆိုတဲ့ သတ်မှတ်မှုအောက်သွင်းလာပါတော့တယ်။ စစ်တိုက်တဲ့နေရာမှာ အမိန့်ပေး၊ သတ်ဖြတ်၊ ရန်သူကိုတိုက်ထုတ်နိုင်တဲ့သူတွေ (အများစုက ယောကျ်ားတွေ) ကသာ လူ့အဖွဲ့အစည်းရဲ့ အခရာဖြစ်လာပါတယ်၊ အဓိကကျတဲ့သူတွေဖြစ်လာပါတယ်။ ဆက်စပ်စဉ်းစားကြည့်ရင်တော့ အဲဒီအချိန်ကာလကတည်းက စစ်ဝါဒနဲ့ ပေထရီအာခီ အဆက်အစပ်ကိုမြင်ရနိုင်ပါတယ်။ အဲဒီကနေမှ အခုလက်ရှိကာလမှာတော့ ကျားပဓာနပြုဝါဒကိုနည်းမျိုးစုံနဲ့ ကျင့်သုံးပါတယ်။ ဥပမာ ဓလေ့ထုံးတမ်းဥပဒေ တွေကနေတဆင့် (တချို့နေရာဒေသတွေမှာ လက်ထပ်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ခွင့်၊ အမွေဆက်ခံခွင့်) အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ လွတ်လပ်ခွင့်တွေဟာ ထိန်းချုပ်ခံရပါတယ်။ နေရာဒေသတိုင်းမှာ ခွဲခြားဆက်ဆံခံရပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေခံနေရပါတယ်။ 

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာ နှုတ်နဲ့ထိကပါးရိကပါးစနောက်တာကစလို့ ခန္ဓာကိုယ်အထိပါ စော်ကားအကြမ်းဖက်တာတွေပါ ပါဝင်ပါတယ်။ လမ်းသွားရင်း အစခံရတာ၊ အနောက်ပြောင်ခံရတာ၊ သီချင်းတွေထဲမှာ၊ ရုပ်ရှင်တွေထဲမှာ၊ ကာတွန်း၊ စတဲ့ကဏ္ဍအစုံမှာပါ အမျိုးသမီးတွေဟာ ထိပါးနှောင့်ယှက်စရာလူသားတွေ အဖြစ် ပုံဖော်ခံရပါတယ်။ ခန္ဓာကိုယ်အသွင်အပြင်နဲ့ပတ်သက်လို့ဖြစ်ဖြစ်၊ နေပုံထိုင်ပုံနဲ့ပတ်သက် လို့ဖြစ်ဖြစ်၊ အလုပ်အကိုင်နဲ့ပတ်သက်လို့ဖြစ်ဖြစ် ဘယ်ဟာနဲ့မှမလွတ်ဘဲ အမြဲတစေထိပါး နှောင့်ယှက်တာကိုခံရပါတယ်။ ဒီအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ပြန်လည် တုံ့ပြန်ပြောဆိုတဲ့အခါမှာတော့ အသားပဲ့ပါသွားတာကျလို့၊ ဘယ်လိုနေထိုင်သလဲမှ မသိတာ၊ ဘယ်လိုပုံစံဝတ်စားထားလဲမှမသိတာ၊ အစရှိတဲ့ အကြမ်းဖက်မှုအားပေးတဲ့ မှတ်ချက်တွေပေးကြပါတယ်။ ဒါဟာ မြန်မာ့လူ့အဖွဲ့အစည်းက အကြမ်းဖက်မှုကို (အထူးသဖြင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို) ဘယ်လောက်တောင် normalize (ပုံမှန်အခြေအနေတစ်ခု) လုပ်ထားလဲဆိုတာ သိသာပါတယ်။ ပေထရီအာခီစနစ်မှာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကျူးလွန်ခြင်းဟာ နေ့စဉ်သမာရိုးကျဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေသလို အကြမ်းဖက်မှုများကိုကိုင်တွယ်ဖြေရှင်းတု့ံပြန်ပုံများမှာလည်း ဒီပေထရီအာခီ စံတန်ဖိုးတွေထဲကနေ ကင်းလွတ်ပြီး မဖြေရှင်းနိုင်ကြပါဘူး။ ပေထရီအာခီစံတန်ဖိုး တွေကတော့ အမြဲတစေ အမျိုးသားတွေက ကျူးလွန်သူတွေလို့သတ်မှတ်၊ အမျိုးသမီးတွေကိုတော့ အင်အားနည်းတဲ့ ခံရသူတွေအဖြစ်သတ်မှတ်၊ အမျိုးသမီးတွေ ကိုအမြဲတစေ နှုတ်အားဖြင့်ကျူးလွန်လို့ရတယ်၊ ထိပါးနှောင့်ယှက် လို့ရတယ်လို့ နှလုုံးသွင်းထားတာတွေပဲဖြစ်ပါတယ်။ ဆိုတော့ ပေထရီအာခီစနစ်ဆိုတာ အကြမ်းဖက်တာတစ်ခုတည်းလားလုုိ့ မေးကောင်းမေးနိုင်ပါတယ်။ တကယ်တော့ ပေထရီအာခီစနစ်ဆိုတာဟာ အကြမ်းဖက်တာကစလို့ အုပ်စုတစ်စုက ကျန်တစ်စုအပေါ်မှာ ကြီးစိုး၊ လွှမ်းမိုးချုပ်ကိုင်တာ၊ ကျား၊ မဆိုတဲ့ ကျဉ်းမြောင်းတဲ့ ဂျန်ဒါစံသတ်မှတ်ချက် တွေပြုပြီး ဖိနှိပ်မှုပေါင်းစုံနဲ့ခွဲခြားဆက်ဆံမှုတွေပြုလုပ်တာ၊ ဒါ့အပြင် အဲဒီ့လိုဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေကိုလည်း သာမန်ဖြစ်ရိုးဖြစ်စဉ်လို သဘောထားစေတာ၊ အဲဒါတင် မဟုတ်သေးဘဲ ဒီလိုဖိနှိပ်ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက်မှုတွေကို ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာသဖွယ် လက်ခံကျင့်သုံးစေတာပါပဲ။ 

စစ်ဝါဒဆိုတာဘာလဲ

စစ်ဝါဒဆိုတာဟာ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံတော်လုံခြုံရေးကိုအကြောင်းပြုလို့တည်ရှိနေတဲ့ စစ်တပ်ကနေမှတဆင့် စစ်တပ်ရဲ့တပ်တွင်းစံတန်ဖိုး၊ အကျင့်စရိုက်တွေက လူ့အဖွဲ့အစည်း ထဲမှာပါ တဖြေးဖြေးစိမ့်ဝင်လာပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးက စစ်ဝါဒကို ၎င်းတို့ရဲ့ စံတစ်ခု အနေနဲ့နေ့စဉ်ဘဝမှာ ကျင့်သုံးနေထိုင်တာပဲဖြစ်ပါတယ်။ စစ်တပ်ရဲ့တပ်တွင်း စံတန်ဖိုးတွေကတော့ အင်အားသုံးပြီး အကြမ်းဖက်မှုကျူးလွန်တာ၊ ၎င်းကျူးလွန်တဲ့ အကြမ်းဖက်မှုကိုလည်း နိုင်ငံရဲ့အကျိုးစီးပွားအတွက်ဆိုပြီးဆင်ခြေပေးတာ၊ အဲဒီကမှတဆင့် လူ့အဖွဲ့အစည်း ထဲမှာရှိနေတဲ့ မတူကွဲပြားခြားနားမှုတွေ ကိုလက်ခံကျင့်သုံးကြတဲ့သူတွေက ငါတို့ရဲ့  (စစ်တပ်) စံတန်ဖိုးနဲ့ မကိုက်ညီဘူးဆိုပြီး မတူညီတဲ့သူတွေမှန်သမျှကို ရန်သူ (enemy) ဆိုတဲ့ ဘောင်ထဲထည့်ပစ်တာ၊ အဓိကကတော့ ငါတို့ (us) နဲ့ ရန်သူတွေ (enemy) ဆိုပြီး the othering လုပ်ပစ်တာပဲ။ ဒီနေရာမှာ စံတန်ဖိုးဆိုတာကလဲ အုပ်ချုပ်သူလူတန်းစား၊ အာဏာရှင်တွေက သူတို့အကျိုးစီးပွားအတွက် တည်ဆောက်ထားတာသာဖြစ်ပြီး လူ့အဖွဲ့အစည်းမှာရှိနေတဲ့ အရှိတရားတခုမဟုတ်ပါဘူး။ စစ်တပ်တွင်းမှာ အမိန့်မှန်သမျှကို နာခံရတယ်၊ မေးခွန်း ပြန်မထုတ်ရဘူး၊ လူသတ်တာဟာ နိုင်ငံတော်ရဲ့လုံခြုံရေး ကိုကာကွယ်ဖို့ဆိုတဲ့ ဆင်ခြေကို လူတိုင်း တသွေမတိမ်း လိုက်လုပ်ကြတယ်။ ငြိမ်းချမ်းရေးအတွက် စစ်တိုက်တယ်၊ ငြိမ်းချမ်းရေးအတွက် နယ်မြေကျူးကျော်တယ်၊ နိုင်ငံတော် လုံခြုံရေးကိုအကြောင်းပြုလို့ တိုင်းပြည်အတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေကို နှိပ်ကွပ်ပြီး ရန်သူလို့ သတ်မှတ်တယ်၊ စတဲ့အပြုအမူအကျင့်စရိုက်တွေဟာ စစ်ဝါဒအစပျိုးတဲ့လက္ခဏာပါပဲ။ 

စစ်အာဏာရှင်လက်အောက်မှာ ပြည်သူ တစ်ရပ်လုံးက ရန်သူ (the enemy) အဖြစ်သတ်မှတ်ခံရပြီး စစ်တပ်ကပြုလုပ်တဲ့ ဖိနှိပ်မှု ပေါင်းစုံကိုခံရပါတယ်။ ဒါကတော့ စစ်အာဏာရှင်က ငါတို့ (us) နဲ့ ပြည်သူကိုရန်သူ (the enemy) ပြုလုပ်တဲ့ ပုံစံပါပဲ။ စစ်တပ်ရဲ့အချုပ်အခြာအာဏာကိုထိပါးနှောင့်ယှက်တဲ့သူ မှန်သမျှကို နိုင်ငံတော်လုံခြုံရေးဆိုတဲ့ဆင်ခြေနဲ့ ချေမှုန်းသုတ်သင်ပါတယ်။ ထောင်ချပြီး နှိပ်စက်ပါတယ်။ စစ်တပ်ရဲ့ ထိန်းချုပ်လွှမ်းမိုးမှုကို လူတွေက တဖြည်းဖြည်းနဲ့ အသားကျလာပြီး လူထုကိုယ်တိုင်က ငါတို့ကိုကာကွယ်ပေးနေတာ၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ပေးနေတာ စတဲ့ဆင်ခြေတွေက အများလက်ခံ လာနိုင်တဲ့ ပုံမှန်အခြေအနေ ဖြစ်လာတယ်။ အဲဒီ့လိုအခါမျိုးမှာ အကြမ်းဖက်မှု၊ ထိန်းချုပ်လွှမ်းမိုးမှု၊ အမိန့်အာဏာဖီဆန်တဲ့သူတွေကိုအပြစ်ပေးမှု စတာတွေဟာလည်း လူ့အဖွဲ့အစည်းထဲမှာ ပုံမှန် အခြေအနေတွေဖြစ်လာတယ်။ စစ်တပ်မှမထိန်းချုပ်ရင်၊ စည်းကမ်းနဲ့ မအုပ်ချုပ်ရင် လူ့အဖွဲ့အစည်းဟာ ဖရိုဖရဲဖြစ်လာမယ်ဆိုတဲ့ အတွေးအခေါ်ကို ပြည်သူတွေကိုယ်တိုင်က လက်ခံလာတယ်။ စည်းကမ်းဆိုတဲ့နေရာမှာ စစ်တပ်ကပုံဖော် ထားတဲ့ တစ်သွေးတစ်သံ တစ်မိန့်စည်းကမ်းဖြစ်တယ်။ တကယ့်လူ့အဖွဲ့အစည်းကို ဖိနှိပ်မှုတွေကနေကင်းဝေးပြီး ရေရှည်တည်တံ့စေမယ့်၊ လူ့အဖွဲ့အစည်းထဲက လူတွေ အားလုံးတယောက်မကျန် သဘောတူထားတဲ့   အခြေခံကျင့်ဝတ် တွေကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းအဖြစ် မဖော်ဆောင်ပါဘူး။ အကြမ်းဖက်မှုနဲ့သာ၊ ထိန်းချုပ်လွှမ်းမိုးစိတ်တွေနဲ့သာ၊ အမိန့်ပေးစေခိုင်းတာကို တသွေမတိမ်း လုပ်ဆောင်မှ သာလျှင် လူ့အဖွဲ့အစည်းမှာ အောင်မြင်နိုင်တယ်ဆိုတဲ့ စံတန်ဖိုးကို အတင်းအဓမ္မ သွတ်သွင်းပါတယ်။ အဲဒီကမှတဆင့် အမျိုးသားရေး အစွန်းရောက် အတွေးအခေါ်တွေကိုပါ တည်တံ့စေပြီး လူ့အဖွဲ့အစည်းက လူမျိုးစုတစ်စုရဲ့ ဓလေ့ထုံးတမ်း တွေကိုသာ အတည်ယူပြီး ကျန်တဲ့ မတူကွဲပြားခြားနားတဲ့ ဓလေ့ထုံးတမ်းတွေကိုမှေးမှိန် ပစ်ပါတယ်။  စစ်ဝါဒအယူအဆကို လူတိုင်းက အကျိုးစီးပွားအတွက်  သုံးစွဲနေကြတာဖြစ်ပါတယ်။ နောက်ပြီးတော့ စစ်ဝါဒဟာ ဂျန်ဒါဘိုင်နရီ (Gender Binary) လို့ခေါ်တဲ့ ကျားဖြစ်ခြင်း၊ ကျားဆန်ခြင်း၊ မဖြစ်ခြင်း၊ မဆန်ခြင်း ဆိုတဲ့ တည်ဆောက်ခံ ဝိသေသလက္ခဏာတွေကိုပါ တည်မြဲစေပါတယ်။ အဲဒီကမှတဆင့် ကျား၊ မ အခန်းကဏ္ဍ တွေပုံပေါ်လာအောင် အတင်းတည်ဆောက် ပါတော့တယ်။ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်တပ် စတာတွေဟာ ယောကျာ်းတွေရဲ့ အလုပ်တွေလို့သတ်မှတ်ပြီးသကာလမှာတော့ ဒီကိစ္စတွေရဲ့အကျိုးဆက်တွေကို အားနည်းတဲ့ မိန်းမတွေကအမြဲခံရပါတယ်ဆိုတဲ့ ပုံစံဖော်လာပါတော့တယ်။ ဒါ့အပြင် စစ်တပ်မဟုတ်တဲ့ သာမန်လူတွေကြားထဲမှာပါ လက်နက်ကိုအားကိုးပြီး၊ အာဏာ ပါဝါကိုအားကိုးပြီး ကိုယ့်ထက်အားနည်းတဲ့သူ၊ အားနည်းတယ်လို့ ယူဆသတ်မှတ် ထားတဲ့သူတွေကို လွှမ်းမိုးချုပ်ကိုင်ဖို့၊ ခြိမ်းခြောက်ဖို့ လုပ်ကြပါတော့တယ်။ ဘာသာရေးခေါင်းဆောင်တွေဟောပြောတဲ့ တရားတွေထဲမှာဆို လည်း အမြဲတမ်း The Others ပြုထားတဲ့ (Men Vs Others)  (အမျိုးသမီး၊ LGBTIQ အုပ်စု) တွေကိုအကြမ်းဖက်ပြောဆို တာတွေ တွေ့ရပါတယ်။ ဒီကိစ္စက တလောကပဲ အွန်လိုင်းပေါ်မှာ ဘုန်းကြီးတစ်ပါးက “သူသာသမ္မတဖြစ်ရင် အခြောက်တွေတန်းစီပစ်သတ်မယ်”ဆိုပြီး  တရားဟောသွားတာ တွေ့လိုက်ရပါတယ်။ စာသင်ခန်းတွေမှာဆိုလည်း ကျောင်းစာသင်ချိန်မစခင်မှာ အားလုံး သတိ၊ ဆိုပြီး ို ကျောင်းသူ၊ ကျောင်းသားအားလုံးက တောင့်တောင့်ကြီး တွေရပ်နေကြ ရတာကို အားလုံးမှတ်မိမယ်ထင်ပါတယ်။ ဒီလိုအပြုအမူဟာဆိုရင်လည်း ကျောင်းစာသင်ခန်းတွေထဲအထိ စစ်ဝါဒပျံ့နှံ့နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင့် ကျမတို့ နေ့စဉ်ဘဝမှာဆိုလည်း သူငယ်ချင်းတွေနဲ့ရန်ဖြစ်တာပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားနဲ့ဖြစ်ဖြစ်၊ မိဘတွေနဲ့ဖြစ်ဖြစ် အကြမ်းဖက်တဲ့အပြုအမူ၊ အသုံးအနှုန်းတွေသုံးကြပါတယ်။ ငါလုပ်ထည့်လိုက်ရ၊ ခေါင်းကိုဖြတ်ရိုက်ချင်တာ၊ လည်ပင်းညှစ်ပစ်လိုက်ချင်တာ၊ အားရပါးရဆွဲထိုးချင်တာ စတဲ့ စကားစုတွေဟာ ကျမတို့နေ့စဉ်ဘဝမှာကို ကျမတို့ဟာ စစ်ဝါဒအကြမ်းဖက်မှုကို ဘယ်လောက်တောင်အရိုးစွဲနေလဲဆိုတာပြတာပါ။ ဘယ်လိုပဲ အာဏာရှင်စနစ်ကိုမကြိုက်ဘူးပြောပြော၊ တစ်ဖက်မှာတော့ အကြမ်းဖက်ပြီး ကိုယ်လိုချင်တဲ့ အနေအထားတစ်ခု၊ ရည်ရွယ်ချက်တစ်ခုရောက်အောင် လုပ်ချင်ကြတာ၊ လုပ်နေကြတာဟာ ကျမတို့သာမန်လူတွေကကျင့်သုံးနေကြတဲ့ နေ့စဉ်ဘဝထဲက စစ်ဝါဒတွေပါပဲ။ 

ကျားပဓာနပြုဝါဒ(ဝါ)ပေထရီအာခီနဲ့ စစ်ဝါဒရဲ့အပြန်အလှန်အကျိုးပြုမှု

စစ်ဝါဒဟာ လူ့အဖွဲ့အစည်းတွင်းရှိ လူတွေရဲ့အပြုအမူ၊ အနေအထိုင်၊ တစ်ဦးနဲ့ တစ်ဦးဆက်ဆံဆက်သွယ်ပြောဆိုမှုတွေ စတဲ့ လူတွေရဲ့နေ့စဉ်ဘဝတွေမှာ စစ်တပ်တစ်ခုရဲ့စံတန်ဖိုးတွေကိုအတင်းသွတ်သွင်းပြီး စံတစ်ခုအနေနဲ့၊ ယဉ်ကျေးမှု တစ်ခုအနေနဲ့ လိုက်နာကျင့်သုံးစေတာပါပဲ။ တပ်တွင်းမှာ အရာရှိစစ်ဗိုလ်ရဲ့ အမိန့်ကို တသွေမတိမ်း ကျန်တဲ့ တပ်သားတွေက လိုက်နာရသလို လူမှုအသိုင်းအဝန်း ထဲရောက်ထဲအခါမှာတော့ ကျားပဓာနပြုဝါဒအောက်မှာနေကြရတဲ့ ကျမတို့လူ့အဖွဲ့အစည်း ဟာ ကိုယ့်ထက်ရာထူး အာဏာပါဝါ၊ လူမှုအဆင့်အတန်းမြင့်တဲ့သူ (အများစုဟာ အမျိုးသားတွေပါပဲ) တွေရဲ့ အမိန့်တွေကို တသွေမတိမ်းလိုက်နာရပါတယ်။ စစ်ဝါဒ ကြီးကျယ်ထွန်းကားလာတဲ့အချိန်မှာ အမျိုးသားရေးလည်း တဟုန်ထိုးမြင့်တက် လာတာကိုတွေ့ရပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး လုပ်ငန်းများ ကိုအကြောင်းပြပြီး လူနည်းစုတွေကို ကွပ်မျက်တာတွေ၊ နိုင်ငံတော်လုံခြုံရေးအတွက်ဆိုပြီး မတရားတဲ့အမိန့်အာဏာတွေကိုဖီဆန်တဲ့သူတွေကုုိ အကျဉ်းချကွပ်မျက်တာတွေ၊ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ဖို့အတွက် အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကိုထိန်းချုပ်ပြီး လွတ်လပ်ခွင့် တွေကိုတားမြစ်တာတွေ (ဥပမာ မျိုးစောင့်ဥပဒေလိုမျိုး) စတာတွေဟာ စစ်ဝါဒအောက်မှာ အရှိန်အဟုန်ထိုးပြန့်ပွားလာတဲ့ အတွေးအခေါ်တွေပဲဖြစ်ပါတယ်။ စစ်အာဏာရှင်တွေကြီးစိုးတဲ့နေရာတွေမှာ အကြောင်းပြချက်တွေကတော့ နိုင်ငံတော် လုုံခြုံရေး၊ လူမျိုးမပျောက်ရေး၊ ဘာသာ၊ သာသနာပြန့်ပွားထွန်းကားရေး၊ ယဉ်ကျေးမှု မပျက်စီးရေးဆိုတာတွေနဲ့ အရေခြုံပြီး သူတို့ရဲ့အာဏာတည်မြဲရေးအတွက် စစ်ဝါဒကို လူထုကြားထဲပျံ့နှံ့အောင်လုပ်ကြပါတယ်။ လူ့အဖွဲ့အစည်းအနေနဲ့ လူမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု ဆိုတာကို မိမိတို့ရဲ့အရေခွံသဖွယ်ခြုံထားကြလေတော့ ဒီအရာတွေ ကိုလာထိတဲ့ သူမှန်သမျှ၊ ငြင်းဆိုတဲ့အရာမှန်သမျှ၊ အတွေးအခေါ် အယူအဆမှန်သမျှကို မျှတတဲ့အနေအထားတစ်ခုကနေ မစဉ်းစားတော့ဘဲ အကြမ်းဖက်ခြင်းနဲ့သာ တု့ံပြန်ကြ ပါတော့တယ်။ အကြမ်းဖက်ခြင်းဆိုတဲ့အရာမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကိုပါအကြမ်းဖက်ခြင်းပဲဖြစ်ပါတယ်။ ယခုခေတ်မှာဆိုရင် အွန်လိုင်းဆိုရှယ်မီဒီယာတွေမှာ အမုန်းစကားတွေနဲ့တုံ့ပြန်ခြင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်တဲ့ စကားအသုံးအနှုန်း အပြုအမူများနဲ့တုံ့ပြန်ခြင်းတို့တွေဟာ သာဓကတွေပါပဲ။ ကျားပဓာနပြုဝါဒ (ပေထရီအာခီ) မှာလဲ ရှေးအစဉ်အဆက်က အမျိုးသားတွေကအမြဲ လူ့အဖွဲ့အစည်းရဲ့ ထိပ်ဆုံးမှာ ရှိနေကြတာပါ၊ အဲဒါကြောင့် ထိပ်ဆုံးမှာရှိနေတဲ့အမျိုးသားတွေက အမြဲထိမ်းချုပ်လွှမ်းမိုးမှု တွေလုပ်လာကြတယ်၊ အမျိုးသမီးတွေကို ကိုယ်ပိုင်ပစ္စည်းအဖြစ်သတ်မှတ်ပြီး အမျိုးသမီးတွေနဲ့ကျန်တဲ့ အုပ်စု (LGBTIQ) တွေရဲ့လူသားဖြစ်မှုကိုလျှော့ချတယ်။ လိင်ကွဲစံနှုန်းတွေကိုသာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးတဲ့ စံတန်ဖိုးတွေ အဖြစ်လိုက်နာ ကျင့်သုံးစေတယ်။ အကယ်၍ အဲဒီလိုမနေထိုင်တဲ့ အမျိုးသမီးတွေနဲ့ကျန်တဲ့ အုပ်စုတွေကို ပြစ်မှုနဲ့ ပြစ်ဒဏ်ဆိုတဲ့ အရာတွေကိုပါခံစားစေတယ်။ အရှေ့အလယ်ပိုင်းတွေမှာလို အမျိုးသမီးတွေကို honor killing လုပ်သလို ကျောက်တုံးနဲ့ပေါက်ပြီး မြန်မာပြည်မှာ မသတ်ပေမယ့် အခြားအလားသဏ္ဍာန်တူ ပြစ်ဒဏ်ပေးတဲ့လုပ်ရပ်တွေရှိပါတယ်။ မုဒိမ်းကျင့်တာကို စစ်လက်နက်သဖွယ်အသုံးပြုပြီး အမျိုးသမီးတွေအပေါ်ကျူးလွန်တာ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ဆိုးပြစ်အကြမ်းဖက်ဝါဒကို စံပြုထားတာကို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေက ခံရတာတွေ (ကလေးသူငယ်တွေ အပေါ်အကြမ်းဖက်မှု တွေလုပ်တာ)၊ ကျားပဓာနပြုဝါဒရဲ့ စံတန်ဖိုးတွေကုုိ ဖီဆန်ပြီးနေထိုင်တဲ့ သူတွေကိုဆို လူ့အသိုင်းအဝန်းကနေ ဖယ်ကျဉ်ထားတာ၊ slut-shaming (မကောင်းတဲ့မိန်းမအဖြစ်၊ စာရိတ္တပိုင်းဆိုင်ရာ ချို့ယွင်းသူအဖြစ်သတ်မှတ်တာ) လုပ်တာတွေ၊ စိတ်ပိုင်းဆိုင်ရာ အင်အားချိနဲ့အောင်လုပ်တာ (အမျိုးသမီးတွေကိုယ်တိုင်က မိမိတို့အမျိုးသမီး ဖြစ်လို့ဒါမျိုးခံရတာ၊ ဒါတွေကဖြစ်ရိုးဖြစ်စဉ် ဓလေ့တွေပါလို့ သတ်မှတ်လိုက်တာ)  စတာတွေဟာ မြန်မာပြည်လူ့အဖွဲ့အစည်းရဲ့ ပြစ်မှုတွေနဲ့ ပြစ်ဒဏ်တွေပါပဲ။ 

စစ်ဝါဒက လူ့အဖွဲ့အစည်းရဲ့ကျား၊ မသဘောသတ်မှတ်ချက်တွေကိုတည်တ့ံစေတယ်၊ လူတွေရဲ့ လူသားဖြစ်မှုကိုအဆင့်လျှော့ချပစ်တယ်။ ကျားပဓာနပြုဝါဒကလည်း လူ့အဖွဲ့အစည်းရဲ့ကျား၊ မ သဘောသတ်မှတ်ချက်တွေကို လူ့အဖွဲ့အစည်းရဲ့စံတန်ဖိုးတွေအဖြစ် သတ်မှတ်လိုက်နာ စေတယ်၊ လူတွေရဲ့လူသားအဖြစ် ဖြစ်တည်မှုကို အမြဲပဲ ကျားဆန်မှု (masculine)အောက်ကနေ တိုင်းတာတယ်။ စစ်ဝါဒနဲ့ ကျားပဓာနပြုဝါဒဟာ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းနေတာဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ကျားပဓာနပြုဝါဒ စနစ်ကြီး တစ်ခုသဖွယ် လည်ပတ်နေနိုင်အောင် စစ်ဝါဒအကြမ်းဖက်မှုကိုအသုံးပြုပြီး ထိန်းချုပ်ထားတာပါ။ ၂၁ ရာစုခေတ်မှာတော့ ဒီစနစ်ကြီး ကိုပိုမိုအားကောင်းအောင် လည်ပတ်နိုင်ဖို့အတွက် အရင်းရှင်စနစ် ဆိုတဲ့ နောက်ထပ် ချောဆီတစ်ခုပါ ပိုလာပါတယ်။ တြိဂံပုံအဖြစ် လူ့အဖွဲ့အစည်းကို ပုံဖော်လျှင် အောက်ခြေမှာ အလုပ်သမားလူတန်းစားရှိပြီး အလုပ်သမားလူတန်းစားရဲ့ လုပ်အား (လစာပေးရသည့် လုပ်အားအပြင် လစာမရသည့် လုပ်အား)တွေကို ခေါင်းပုံဖြတ်ကာ တြိဂံ၏ ထိပ်ဆုံးမှာ အရင်းရှင်လူတန်းစား လက်တဆုပ်စာရှိပါတယ်။ သဘာဝပတ်ဝန်းကျင်၊ သယံဇာတ အရင်းအမြစ်များအပြင် အခြေခံအလုပ်သမားလူတန်းစားရဲ့ လုပ်အား၊ လူသားဖြစ်မှုတို့ကို ထုတ်ယူသုံးစွဲကာ ၁ ရာခိုင်နှုန်းသော အရင်းရှင်လူတန်းစားက ကြီးပွားပါတယ်။ သြဇာအာဏာရယူတယ်။ ကြီးစိုးရေးဝါဒဖြန့်ကျက်တယ်။ အလုပ်သမားလူတန်းစားထဲမှာမှ အမျိုးသမီးထုရဲ့ လုပ်အားခကို အမျိုးမျိုးအဖုံဖုံ ခေါင်းပုံဖြတ်ပြီး ဒီအရင်းရှင်စနစ် လည်ပတ်စေတာပါ။ အရင်းရှင်စနစ်မှာ အကျိုးအမြတ်ရတဲ့ လုပ်အားကိုတင် အလုပ်သမားတွေဆီကနေ ခေါင်းပုံဖြတ်တာမက ဒီစနစ်ကြီးလည်ပတ်ဖို့၊ ၁ ရာခိုင်နှုန်းက ဒီထက်ပိုပြီးကြီးပွား တိုးတက်ဖို့အတွက် ပေးဆပ်ရတဲ့ အလုပ်သမားတွေရဲ့ နေ့စဉ်လည်ပတ်နိုင်ရေး (စား၊ ဝတ်၊ နေရေး ဆိုတဲ့အခြေခံ လူ့အဆောက်အအုံကြီး လည်ပတ်နိုင်ဖို့) အတွက် အမျိုးသမီးတွေရဲ့လုုပ်အားခမရတဲ့ အိမ်မှုလုပ်ငန်းဆောင်တာ တွေကိုပါ ခေါင်းပုံဖြတ်တာပါ။ အလုပ်သမားအမျိုးသမီး တယောက်နဲ့အလုုပ်သမား အမျိုးသားတယောက် ကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် အမျိုးသမီးလုပ်သူဟာ စက်ရုံကိုသွားဖို့၊ လုပ်ငန်းခွင်ဝင်ဖို့ (မနက် ၉ နာရီ – ညနေ ၅နာရီလုုပ်ငန်းခွင်တွင်မက) မိသားစုအတွက် မနက် ၅နာရီ၊ ၆ နာရီလောက်ကတည်းကထပြီး ချက်ပြုတ်စီမံပေးခဲ့ရတာပါ။ တဖန် လုပ်ငန်းခွင်ကနေ ပြန်လာတော့လည်း လျှော်ဖွပ်၊ နောက်တစ်နေ့တာအတွက်ပြန်စီမံ စတဲ့ အိမ်မှုကိစ္စ လုပ်ငန်းတွေအတွက် တစ်နည်းဆိုရရင် လူမှုအသိုင်းအဝန်း နေ့စဉ်လည်ပတ်နိုင်မှု ယန္တရားကိုပါ လုပ်ဆောင်နေရတာပါ။ အမျိုးသားတစ်ဦးအနေနဲ့တော့ ဒီလူမှုအသိုင်းအဝန်း နေ့စဉ်လည်ပတ်နိုင်ဖို့အတွက်၊ ဒီယန္တရားကိုမောင်းနှင်ဖို့အတွက် သူ့ရဲ့ပေးဆပ်ရတဲ့ အခန်းကဏ္ဍက ကျားပဓာနပြုဝါဒမှာ သိပ်မရှိသလောက်ပါပဲ။ ဒါဟာ အမျိုးသမီး = အိမ်မှုလုပ်ငန်းကိစ္စများထိမ်းသိမ်းခြင်း ဆိုတာနဲ့ ကျမတို့တွေဟာ မှတ်ယူထားလို့ပါပဲ။ ဒါကြောင့် ဒီအရင်းရှင်စနစ်ကြီးမှာ အကျိုးအမြတ်ရတဲ့ လုပ်ငန်းခွင်ကိစ္စတွေပဲကြည့်ပြီး ခေါင်းပုံဖြတ်တဲ့ကိစ္စ ကိုပြောလို့မရပါဘူး။ အကျိုးအမြတ်ရတဲ့ လုပ်ငန်းခွင်တွေမှာ ထုတ်ယူသုံးစွဲရတဲ့ လုပ်အားခတွေအတွက် နောက်ကွယ်ကနေ ဒီလုပ်အားတွေ နေ့စဉ်လည်ပတ် နိုင်အောင်လုပ်ပေးနေရတာဟာ အမျိုးသမီးအများစုဖြစ်နေပါတယ်။ ဒါကြောင့် စစ်ဝါဒ၊ ကျားပဓာနပြုဝါဒ (ပေထရီအာခီ) နဲ့အတူ အရင်းရှင်စနစ်ကြီးကပါ ကျမတို့ အမျိုးသမီးတွေနဲ့အတူ ဖယ်ကျဉ်ခံထားရတဲ့ ကျား မဟုတ်တဲ့ လူအုပ်စုတွေကို အဓိက ခြိမ်းခြောက်နေတဲ့ အရာပဲဖြစ်ပါတယ်။ ဒီဝါဒကြီးသုံးခုဟာ တစ်ခုနဲ့ တစ်ခု ဖိုခနောက်ဆိုင်လို အထောက်အကူပြုပေးနေပြီး ထိပ်ဆုံးမှာ အကျိုးစီးပွား၊ အကျိုးအမြတ် ရသွားတာကတော့ ၁ ရာခိုင်နှုန်းသော လက်တဆုပ်စာပါပဲ။ ကျန်တဲ့ ၉၉  ရာခိုင်နှုန်းရဲ့ လုပ်အား၊ လွတ်လပ်မှု၊ လူသားအဖြစ်ရပ်တည်မှု၊ ဘဝကိုအပြည့်အဝခံစားနိုင်မှု စတာတွေကတော့ ဒီအရင်းရှင်ဝါဒ၊ ကျားပဓာနပြုဝါဒနဲ့ စစ်ဝါဒအောက်မှာ အခါခါ သတ်ပစ်ခြင်းခံရပါတယ်။ ဒါကြောင့် လက်တဆုပ်စာလောက် အမျိုးသမီးတွေ နိုင်ငံရေးထဲဝင်၊ ပါလီမန်လွှတ်တော်ထဲမှာ အမတ်ဖြစ်၊ ကုမ္ပဏီကြီးတွေရဲ့ဒါရိုက်တာတွေ၊ အကြီးအကဲတွေလုပ်တာလောက်နဲ့တော့ ဒီစနစ်ကြီးတွေကိုဖြိုမချနိုင်ပါဘူး။ ဒီစစ်ဝါဒ၊ ကျားပဓာနပြုဝါဒ နဲ့ အရင်းရှင်ဝါဒတွေ ပြိုလဲပျက်စီးသွားအောင်လို့ ဖယ်ကျဉ်ထုတ် ခံထားရတဲ့ အဖိနှိပ်ခံတွေအားလုံးပေါင်းစီးပြီး သွေးစည်းညီညွတ်စွာနဲ့ ပြန်တော်လှန်မှ ရမှာပါ။ စနစ်ကြီးရဲ့အလယ်ဗဟိုချက်ကနေ ကင်းကွာနေတဲ့ ဖိနှိပ်ခံပြည်သူလူထု တွေအကုန်စုပေါင်းပြီးတော့မှ ၁ ရာခိုင်နှုန်းကိုဖယ်ရှားပစ်ရမှာပါ။ ဒါမှသာလျှင် ကျမတို့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ စစ်ဝါဒအကြမ်းဖက်မှု၊ ကျားပဓာနပြုဝါဒနဲ့ အခုကြီးထွားလာနေတဲ့ အရင်းရှင်စနစ်တွေကိုတွန်းလှန်ဖယ်ရှားပြီး ၉၉  ရာခိုင်နှုန်းအတွက် တရားမျှတမှုရှိတဲ့ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုကိုတည်ဆောက်နိုင်မှာပါ။