ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးမှာ ကူးစက်နှုန်းလျော့ပါးသွားစေဖို့ မြို့တွေ၊ နိုင်ငံတော်တွေ ပိတ်ချလိုက်ကြပါတယ်။ ခုလိုအန္တရာယ်လက်တစ်ကမ်းကာလမျိုးမှာ လူထုအားနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းဆောင်တာများအတွက် တင်စားခိုင်းနှိုင်းချက်တလွဲကို မှားရွေးမိတာမျိုး ဖြစ်နိုင်ပါတယ်။ လက်ရှိကပ်ဘေးကို ရင်ဆိုင်ဖို့ တစ်ဦးပိုင်နဲ့ အများပိုင် အရင်းအမြစ်တွေကို စုစည်းနေရာချတဲ့နေရာမှာ “စစ်ပွဲတစ်ပွဲ ဆင်နွှဲခြင်း” ဆိုတဲ့ ခိုင်းနှိုင်းချက်ကိုသုံးချင်စိတ် တဖွားဖွားပေါ်နေမှာပါ။ ဒါပေမယ့် ကျွန်မတို့ ဒီသုံးချင့်စဖွယ်ခိုင်းနှိုင်းချက်ကို တောင့်ခံနိုင်ဖို့လိုပါတယ်။

တိုင်းပြည်အထွေထွေမှာ၊ မျိုးဆက်အစဉ်အဆက်မှာ (ဖမ်မင်းနစ်လေ့လာသုံးသပ်သူတွေ ထပ်ခါတလဲလဲ ပြောခဲ့သလိုပဲ) စစ်ပွဲဆင်နွှဲခြင်းက လိင်အခြေပြုဖိနှိပ်မှု (sexism) ၊ လူမျိုးရေးမုန်းတီးမှု (racism) ၊ လိင်တူချစ်သူမုန်းတီးစိတ် (homophobia) ၊ အာဏာရှင်စနစ်၊ သတင်းအချက်အလက်ထိမ်ချိန်မှု၊ တိုင်းတပါးသားမုန်းတီးမှု (xenophobia) တွေကို မီးထိုးပေးတယ်ဆိုတာ မြင်ခဲ့ပြီးပါပြီ။ အဲဒါတွေအားလုံးက ကမ္ဘာ့ကပ်ဘေး (pandemic) ကို မကာကွယ်နိုင်ပါဘူး။ ဒီဟာတွေအားလုံးက ယုံကြည်စိတ်ချရတဲ့သိပ္ပံပညာနဲ့ ဆေးပညာဆိုင်ရာအထောက်အကူတွေကို ဘယ်တော့မှ အားပေးအားမြှောက်လုပ်မှာမဟုတ်ပါဘူး။ ကျွန်မတို့ထဲကအထိနာဖို့အလွယ်ဆုံးလူတွေကိုလည်း ကာကွယ်ပေးမှာမဟုတ်ဘူး။ ဒီဟာတွေက ကျွန်မတို့ကို လုံခြုံမှုပေးမှာမဟုတ်ဘူူး။ သေချာတာက ကပ်ဘေးအလွန်ဒီမိုကရေစီစနစ်အတွက် ဖောင်ဒေးရှင်းကို လုံးဝချပေးမှာမဟုတ်ဘူး။

ဒါပေမယ့် စစ်ပွဲတစ်ပွဲလိုဆင်နွှဲခြင်း ဆိုတဲ့ ခိုင်းနှိုင်းချက်က သုံးချင့်စဖွယ်ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့တော်တော်များများ၊ ကျွန်မတို့ရဲ့ ကာချာရယ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေက သူတို့အကျိုးအမြတ်ရမယ့်စစ်ပွဲတွေကို ခေါင်ခေါက်ရွေးခဲ့ပြီး စစ်ပွဲတစ်ခုချင်းစီမှာ (ကျွန်မတို့) ဘယ်ဟာကိုပဲ အမှတ်ရနေအောင်ဆိုတာကိုလည်း ချုပ်ကိုင်ထားလို့ပါပဲ။

ဒီနေ့ကာလမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်နေကြတဲ့ အမေရိကန်အများစုဟာ ဒုတိယကမ္ဘာစစ်ကို မကြုံဖူးကြပါဘူး။ ဒါကြောင့်ပဲ “တရားသောစစ်” ဆိုတဲ့ခိုင်းနှိုင်းချက်ကို သုံးချင်နေကြတာလည်း ဒုတိယကမ္ဘာစစ်ဟာ “အမေရိကန်အားလုံးကို သွေးစည်းညီညွတ်စေခဲ့တဲ့အချိန်” ၊ “လူတိုင်းဟာ ကိုယ်ကျိုးစွန့်ဖို့ ဝန်မလေးတဲ့အချိန်” လို့ ကျောင်းတွေမှာ သင်သလို ရုပ်ရှင်တွေထဲမှာလည်း အဲဒီ့လို ပို့ချကြတယ်။ “ဘုံ ရည်မှန်းချက်” ကို ပေးနိုင်ခဲ့တာ အဲဒီ့စစ်ပွဲပေါ့။ ကျွန်မတို့အားလုံး “ကိုယ်တွေရဲ့ စစ်သားတွေ” ကို အားပေးထောက်ခံခဲ့ကြတယ်။ “ဘုံရန်သူ” ကို ရင်ဆိုင်ခဲ့ကြတယ်။ ဘုံရန်သူက “ဆိုးယုတ်မှု” ပေါ့။ ရှေ့တန်းစာမျက်နှာမှာ “GI Joe*” တို့ “Rosie the Riveter**” တို့ဟာ အတုယူစရာနိုင်ငံသားတွေဖြစ်လာတယ်။ အမေရိကန်တွေဟာ “ကမ္ဘာ့ကယ်တင်ရှင်ကြီးများ” ဖြစ်ဖို့ စစ်ပွဲဆင်နွှဲခဲ့ကြတယ်။

*GI Joe ဆိုတာ အမေရိကန်စစ်သားတွေကို သုံးနှုန်းတဲ့ဝေါဟာရဖြစ်ပါတယ်။ တချို့စစ်သားတွေက သူတို့ဟာ အစိုးရရဲ့အစုလိုက်အပြုံလိုက်ထုတ်လုပ်လိုက်တဲ့ထုတ်ကုန်တွေဖြစ်တယ် လို့ သရော်တော်တော်ပြောတဲ့အခါမှာလည်း သုံးနှုန်းပါတယ်။ အရုပ်ကုမ္ပဏီတစ်ခုကနေ GI Joe အရုပ်ထုတ်တာရှိသလို ရုပ်ရှင်စီးရီးလိုက်ရှိပါတယ်။ ဒီအရုပ်တွေ၊ ရုပ်ရှင်တွေကတဆင့် စစ်ဝါဒကို ချဲ့ထွင်မှိုင်းတိုက်တာပါပဲ။

**Rosie the Riveter ကတော့ ဒုတိယကမ္ဘာစစ်အတွင်း စစ်လက်နက်တွေထုတ်လုပ်ပေးတဲ့စက်ရုံတွေမှာ အလုပ်လုပ်ကြတဲ့ အမျိုးသမီးတွေကို ကိုယ်စားပြုပါတယ်။ We Can Do It ဆိုတဲ့စာသားနဲ့အတူ အမျိုးသမီးလက်သီးလက်မောင်းတန်းနေတဲ့ ပိုစတာကို အားလုံးမြင်ဖူးကြမှာပါ။ အဲဒါ Rosie the Riveter ပါပဲ။ အမျိုးသားတွေလုပ်တဲ့အလုပ်တွေကို အမျိုးသမီးတွေလည်းလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ ရည်ရွယ်လိုရင်းဖြစ်ပေမယ့် စစ်ဝါဒချဲ့ထွင်ရေးမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ အစိုးရက ဝါဒဖြန့်ချီတဲ့အနေနဲ့ အသုံးခံလိုက်ရတာပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းနဲ့ ဒေသအသီးသီးမှာ တွေ့ကြုံလာရနိုင်တဲ့ပြဿနာတွေကို ဘယ်လိုအကောင်းဆုံးဖြေရှင်းမလဲလို့ စစ်ဝါဒဆန့်ကျင်သူ ဖမ်မင်းနစ်တွေ ကြံဆတဲ့အခါမှာ ကျွန်မတို့ လူမှုတရားမျှတမှု၊ ဂျန်ဒါသာတူညီမျှမှု နဲ့ ရေရှည်ငြိမ်းချမ်းရေးကို အားပေးအားမြှောက်ပြုမယ့်နည်းလမ်းတွေနဲ့ ချဉ်းကပ်ဖို့ကြိုးစားကြတယ်။ လူမှုတရားမျှတမှု၊ ဂျန်ဒါသာတူညီမျှနဲ့ ရေရှည်ငြိမ်းချမ်းရေး တြိစုံဟာ စစ်ပွဲဆင်နွှဲခြင်းနဲ့ လားလားဆန့်ကျင်နေတာလို့ မြင်တယ်။ ဒါပေမယ့်လည်း ဒုတိယကမ္ဘာစစ်ကို ကိုယ်ကြိုက်ရာပဲရွေးမှတ်မိနေတဲ့ အမေရိကန်တော်တော်များများအတွက်တော့ စစ်ပွဲကာလဟာ ဒီတြိစုံသုံးခုကို အားပေးအားမြှောက်ပြုခဲ့တယ်လို့ပဲ မြင်နေကြမှာပါ။ “လူလူချင်း သွေးစည်းသွားစေတယ်” ၊ “လူတိုင်း ကိုယ်ထူကိုယ်ထနဲ့ ကိုယ်နိုင်တဲ့ဝန် ဝင်ထမ်းကြတယ်” ၊ “ငြိမ်းချမ်းရေးကို တိုက်ယူနိုင်ခဲ့တယ်” လို့ပဲ သူတို့စိတ်ထဲမှာ ဒုတိယကမ္ဘာစစ်ကို ပုံဖော်ထားကြတယ်။ GI Joe ကောလိပ်ရောက်ပြီး သူ့စိတ်ကူးထဲကအိမ်ကို ဝယ်နိုင်ခဲ့တယ်။ ရိုစီကလည်း ကလေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သင့်တင့်တဲ့လစာ (ခဏတာပေါ့) ရသွားတယ်။

တစ်နည်းပြောရရင်၊ ဖမ်မင်းနစ်တွေက စစ်ပွဲဆင်နွှဲခြင်းနဲ့ ဖမ်မင်းနစ်ငြိမ်းချမ်းရေးတည်ဆောက်မှုတို့ကို ပြဒါးတစ်လမ်း၊ သံတစ်လမ်းလို့ လက်ခံတဲ့အချိန်မှာ စစ်သွေးကြွတွေကလည်း “တရားသောစစ်” ဟာ သွေးစည်းညီညွတ်မှု၊ တရားမျှတမှုနဲ့ အမျိုးသမီးများအတွက် အခွင့်အလမ်းကောင်းတွေလို့ မြင်နေကြတာပါ။

ကိုယ်အားသန်ရာပဲ ရွေးမှတ်ထားတဲ့ စစ်အတွေ့အကြုံတွေဟာ ပြဿနာရှိပါတယ်။ ကူးစက်နှုန်းမြန်တဲ့ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖို့ “ဒုတိယကမ္ဘာစစ်သဖွယ်” ဆင်နွှဲမယ်လို့ တွေးနေတာဟာ ၁၉၄၀ ခုနှစ်များဆီက ဂျပန်အမေရိကန်တွေအပေါ် ဖိနှိပ်ခဲ့မှုကို မေ့ပစ်လိုက်သလိုပါပဲ။ တရားသောစစ်မှာ အမေရိကန်ပြည်ထောင်စု စစ်တပ်နဲ့ ရေတပ်မှာ လူမျိုးရေးအရ ရာထူးအဆင့်ခွဲခြားခဲ့တာ ပြန်ပြောင်းပြောလာရင် စိတ်မသက်မသာဖြစ်ရသလိုပါပဲ။

လွန်ခဲ့တဲ့နှစ်လေးဆယ်ကျော်အတွင်းမှာ Blanche Weisen Cook ၊ Mary Louise Roberts ၊ Brenda Moore၊ Jeanne Wakatsuki Houston၊ Maureen Honey ၊ Alison Bernstein  တို့လို အမေရိကန်ဖမ်မင်းနစ်သမိုင်းပညာရှင်တွေဟာ သုတေသနတွေပြုစုပြီး ကိုယ်အားသန်ရာပဲရွေးမှတ်တဲ့ ဒီအမြင်တွေကို ဖယ်ခွာချခဲ့ကြတယ်။  အမေရိကန်တွေဟာ ပြည့်တန်ဆာလုပ်ငန်းကဝင်ငွေတွေအားဖြင့်၊ လူမျိုးရေးမုန်းတီးတဲ့၊ လိင်တူချစ်သူမုန်းတီးတဲ့၊ ဂျူးမုန်းတီးတဲ့ အလေ့အထတွေအားဖြင့်၊ မိန်းမတွေကို တလွဲကတိတွေပေးခြင်းအားဖြင့် တရားသော(လို့ဆိုကြတဲ့)စစ်ပွဲအတွက် စရိတ်ရှာခဲ့ကြတာလို့ ဒီသုတေသနတွေကဆိုတယ်။

ဖမ်မင်းနစ်သမိုင်းပညာရှင်တွေရဲ့ တွေ့ရှိချက်တွေကို တမင်မျက်နှာလွှဲမယ်ဆိုမှ၊ လူထုအင်အားကို စစ်ပွဲအဖြစ်ပြောင်းလိုက်တာကြောင့် ပေးဆပ်လိုက်ရတဲ့အဖိုးအခတွေ၊ နိုင်ငံရေးသင်ခန်းစာတွေကို မသိကျိုးကျွံပြုမယ်ဆိုမှ ကူးစက်နှုန်းမြန်ကိုရိုနာဗိုင်းရပ်စ်ကို “ဒုတိယကမ္ဘာစစ်သဖွယ်” စစ်ပွဲဆင်နွှဲမယ် ဆိုတာမျိုး ဖြစ်မှာပါ။ လူထုကို ထိရောက်တဲ့၊ လူတန်းစားအလွှာတိုင်းအတွက်အကျုံးဝင်တဲ့၊ သာတူညီမျှတဲ့ ရေရှည်ခံကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ဆိုရင် ဖမ်မင်းနစ်သမိုင်းပညာရှင်တွေပေးတဲ့သင်ခန်းစာတွေကို မျက်ကွယ်ပြုလို့မရပါဘူး။ ဒီလိုဆိုရင် ကျွန်မတို့ ယူငင်သုံးချင့်စဖွယ်စစ်ဝါဒကို တွန်းလှန်ဆန့်ကျင်ဖို့လိုပါတယ်။     ။

Cynthia Enloe ၏ COVID-19: “Waging War” Against a Virus is NOT What We Need to Be Doing အား မြန်မာဘာသာသို့ ပြန်ဆိုသည်။