Erin McKelle ၏ 7 reasons why class is a feminist issue ဆောင်းပါးအား မြန်မာဘာသာသို့ပြန်ဆိုသည်။

 

သဘောကျသည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ၊ ကျွန်မတို့အားလုံး အရင်းရှင်လူ့အဖွဲ့အစည်းမှာ နေထိုင်နေရတာပါပဲ။ လူတိုင်းဟာ အသက်ရှင်ရပ်တည်ဖို့အတွက် ငွေကြေးအပေါ်မှာ မှီတည်နေရတယ်။

ကျွန်မတို့ လူတန်းစားအကြောင်းပြောတဲ့အခါ အခြားဖိနှိပ်မှုအသွင်တွေကနေ ကင်းလွတ်နေသယောင် ဆွေးနွေးကြပါတယ်။ (Occupy Wall Street ဖြစ်စဉ်ကို ကြည့်ပါ) လူတန်းစား ကို ဖမေးနစ်အရေးကိစ္စသဖွယ် မဆွေးနွေးကြပေမယ့် လူတန်းစားအရေးဟာ ဖမေးနစ်လုပ်ရပ်တွေရဲ့ ဗဟိုအူတိုင်မှာ ရှိနေပါတယ်။ လူတစ်ယောက်ရဲ့ ကုန်ထုတ်လုပ်စွမ်းပါဝါက ၎င်းရဲ့ ကျန်းမာပျော်ရွှင်အောင်မြင်ဖြစ်ထွန်းမှုရဲ့ အချက်အချာဖြစ်နေပါတယ်။

လူတန်းစားဟာ ဖမေးနစ်အရေး ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်း ခုနစ်ချက်က အောက်ပါအတိုင်းဖြစ်ကြပါတယ်။

၁။ လူတန်းစားခွဲခြားမှုက ပိုနေမြဲ ကျားနေမြဲ အခြေအနေကို အားပေးတယ်။

ပိုက်ဆံက တကယ့်ကို အရေးပါပါတယ်။

ခုနကပြောခဲ့သလိုပဲ၊ အရင်းရှင်အဖွဲ့အစည်းမှာ နေရတယ်ဆိုတာ အခြေခံလိုအပ်ချက်တွေပြည့်မီဖို့ ငွေကြေးရနိုင်မယ့်လမ်းကြောင်းတစ်ခုခုလိုအပ်တယ်ဆိုတဲ့အဓိပ္ပါယ် ဖြစ်ပါတယ်။ အစာ၊ ရေ၊ နားခိုရာတွေတောင်မှ အခြေခံလူ့အခွင့်အရေးလို့ ထင်စရာရှိပေမယ့် တကယ့်လက်တွေ့မှာတော့ အာမခံထားခြင်းမရှိပါဘူး။

ဆိုလိုတာက ကျွန်မတို့ဘဝရဲ့ အချိန်၊ အင်အား(အကုန်လုံးမဟုတ်ရင်တောင်)အများစုကို ငွေရရေးအတွက် ကုန်ဆုံးရမလိုဖြစ်နေတာပါ။ ကျွန်မတို့ တော်လှန်ရေးကြံစည်ဖို့ထက် လုပ်အားအပေါ်မှာ အသားပေးကြပါတယ်။

ကိုယ်မွေးလာတဲ့ လူတန်းစားဟာ ကိုယ်တစ်သက်လုံးနေသွားရမယ့် လူတန်းစား ဖြစ်ပါတယ်။ အထူးသဖြင့် လူဆင်းရဲ သို့မဟုတ် အလုပ်သမားလူတန်းစားဖြစ်နေရင်ပေါ့။ အမေရိကန်ပြည်ထောင်စုမှာ ဆင်းရဲချမ်းသာကွာဟမှု အမြင့်ဆုံးအခြေအနေရောက်လာတဲ့အတွက် ငွေကြေးပါဝါနဲ့ မွေးလာသူတွေပဲ ရှင်သန်နိုင်မလို ဖြစ်နေပါတယ်။

အဲဒီ့တော့ ဒီဓလေ့ကို ပြင်ဖို့ ပိုခက်သွားပါတယ်။ ဖမေးနစ်တွေအနေနဲ့ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ဖြိုဖျက်မယ်ဆိုရင် ဖြိုဖျက်ရေးကို တားဆီးမယ့်အရာမှန်သမျှကို နားစွင့်ထားဖို့ လိုအပ်ပါတယ်။

၂။ လူတန်းစားက လိင်ခွဲခြားမှုနဲ့ တပူးတွဲတွဲနေတယ်။

အမျိုးသမီးများဟာ အချိုးမမျှမတ ပိုဆင်းရဲကြပြီး အမျိုးသားများထက် ပိုဆင်းရဲတွင်းနက်တာကို တွေ့ရပါတယ်။ လူမျိုးနွယ်စုအသီးသီးမှာလည်း ဒီအတိုင်းပါပဲ။ လူဖြူမဟုတ်တဲ့ အမျိုးသမီးတွေက လူဖြူအမျိုးသမီးတွေထက် ဆင်းရဲမွဲတေမှုနှုန်း နှစ်ဆရှိနေပါတယ်။

တူညီတဲ့အလုပ်အတွက်ကိုပဲ အမျိုးသမီးများက လုပ်ခလစာ နည်းပါးပြီး ရရှိပါတယ်။ (ဟုတ်ပါတယ်၊ အလုပ်ချိန်နာရီ စသည် ကန့်သတ်တာမျိုးကြောင့်ပေါ့။) ၂၀၁၂ ခုနှစ်အတွင်း အမျိုးသားတစ်ယောက် တစ်ဒေါ်လာရရှိတဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်ကတော့ ၇၇ ဆင့်ပဲရရှိနေပါတယ်။ လူမျိုးနွယ်စုအားဖြင့် နှိုင်းယှဉ်မယ်ဆိုရင်တော ့လူဖြူအမျိုးသားတစ်ဦး တစ်ဒေါ်လာရရှိချိန်မှာ လူမည်းအမျိုးသမီးတစ်ဦးက ၆၄ ဆင့်နဲ့ လက်တင်အမျိုးသမီးတစ်ဦးက ၅၃ ဆင့်သာရရှိနေတာကို တွေ့ရှိရပါတယ်။

အမျိုးသမီးတွေက စီးပွားရေးအခြေအနေ နိမ့်ပါးနေတဲ့အခါ ဘဝရဲ့အခြားနယ်ပယ်တွေမှာလည်း ပါဝါနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်လည်း နည်းပါးသွားပါတယ်။ ငွေကြေးဟာ ပါဝါပဲမဟုတ်ပါလား။

အမျိုးသမီးတွေဟာ ဘဏ္ဍရေးလိုအပ်ချက်တွေအတွက် သူတို့ပါတနာတွေနဲ့ (တစ်ခါတလေမှာ တကယ်မရှိတဲ့) လူမှုစနစ်တွေအပေါ် ပိုမှီခိုလာရပါတယ်။ တစ်ကိုယ်တည်းနေတဲ့အမျိုးသမီးတွေက အမျိုးသားများထက် ထပ်ဆောင်းဝင်ငွေ ပိုလိုအပ်ပါတယ်။ ဆိုတော့ အားလပ်ချိန်၊ မိမိကိုယ့်ကိုယ်စောင့်ရှောက်ချိန်နဲ့ ဖိုကြီးစိုးမှုကို တိုက်ဖျက်ဖို့အချိန် ပိုနည်းသွားစေပါတယ်။

ဒါကြောင့် လိင်ခွဲခြားမှုအကြောင်းပြောမယ်ဆိုရင် လူတန်းစားခွဲခြားမှုကို ချန်လှပ်ထားခဲ့လို့မရပါဘူး။

၃။ လူတန်းစားက လူမျိုးရေးခွဲခြားမှုနဲ့ တပူးတွဲတွဲနေတယ်။

လူဖြူမဟုတ်သူတွေက လူဖြူတွေနဲ့ နှိုင်းယှဉ်ရင် အချိုးမမျှမတစွာ ဆင်းရဲတွင်းနက်ကြပါတယ်။ လူမည်းနဲ့ လက်တင်အမေရိကန်တွေရဲ့ ဆင်းရဲမွဲတေမှုနှုန်းက တစ်နိုင်ငံလုံးပျမ်းမျှနှုန်းထက် ပိုမြင့်နေပါတယ်။ ၂၀၁၀ မှာ လူမည်းတွေရဲ့ ၂၇.၄ %၊ လက်တင်အမေရိကန်တွေရဲ့ ၂၆.၆ % တို့က ဆင်းရဲတွင်းနက်နေကြပြီး လူဖြူတွေရဲ့ ၉.၉ % ဆင်းရဲမှုနှုန်းနဲ့ နှိုင်းယှဉ်ရင် အတော်ကွာဟနေတာ တွေ့ရပါတယ်။

လူဖြူမဟုတ်သူတွေအတွက် လူတန်းစားခွဲခြားမှုရဲ့သက်ရောက်မှုတွေကို တိုက်ရိုက်ခံစားရရုံတင်မက တိုက်ရိုက်မဟုတ်တဲ့နည်းလမ်းတွေနဲ့လည်း သက်ရောက်နိုင်ပါသေးတယ်။ ဥပမာဆိုရရင်၊ လူဖြူမဟုတ်သူတွေက အိမ်ငှားခ ပိုစျေးပေါတဲ့၊ ကျောက်မီးသွေးစက်ရုံအနီးတဝိုက်မှာ နေနိုင်တဲ့အတွက် လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်ရပါတယ်။

အိမ်ရာအကြောင်းပြောမယ်ဆိုရင် လူမျိုးရေးနဲ့ လူတန်းစား နှစ်ခုပေါင်းခွဲခြားမှုကြောင့် လူဖြူမဟုတ်သူတွေ အထိနာရတဲ့အခြားအရေးတစ်ခုရှိပါသေးတယ်။ လူဆင်းရဲလူတန်းစားကို လူလတ်တန်းစားနှင့်အစားထိုးခြင်း၊ ဖယ်ကျဉ်ခံရခြင်း၊ လူမျိုးရေးအားဖြင့် ခွဲထုတ်ပစ်ခြင်း စတာတွေဟာ လူဖြူမဟုတ်သူတွေကြုံရတဲ့ လူတန်းစားပြဿနာတွေထဲက ဥပမာတချို့ဖြစ်ပါတယ်။

အိမ်ရာအခြေအနေက ဘဝရဲ့အရည်အသွေးပေါ် အများကြီးသက်ရောက်ပါတယ်။ အခွင့်အလမ်း (အလုပ်ခွင်၊ အလုပ်ခွင်ပြင်ပ) ၊ မှုခင်းဖြစ်ပွားမှုအခြေအနေ၊ ပညာရေး (ကျောင်းတွေကို ဘတ်ဂျတ်ချပေးဖို့ အခွန်တွေကို သုံးတဲ့ လူတန်းစား၊ လူမျိုးရေးခွဲခြားတဲ့ မူဝါဒတွေ) စသဖြင့် ဆက်စပ်နေတာကြောင့်ပါ။

တကယ်လို့ ဖမေးနစ်တွေအနေနဲ့ လူမျိုးရေးခွဲခြားမှုရဲ့ ချည်ခင်ထွေးကို ကိုင်တွယ်ချင်တယ်ဆိုရင် လူတန်းစားခွဲခြားမှုကို ထည့်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

၄။ ‘အမျိုးသမီးများရဲ့လုပ်အား’ ကို စျေးနှိမ်ခံနေရပါတယ်။

ကျွန်မတို့နေထိုင်ရာ အရင်းရှင်နစ်မှာ အမျိုးသမီးတွေဟာ လုပ်ခမရတဲ့အလုပ်အများစုကို လုပ်နေရပါတယ်။ ကလေးထိန်းကျောင်းမှု၊ သန့်ရှင်ရေး၊ ချက်ပြုတ်ရေး၊ အိမ်ထောင်မှု စသဖြင့်ပေါ့။

စာရင်းများအရ အမျိုးသမီးများဟာ တစ်နှစ်ကို သန်း ၁၁၀ သောနာရီတွေ လုပ်ကြရပြီး အမျိုးသားတွေကတော့ ၅၅ သန်းသော နာရီများပဲ လုပ်ကြရပါတယ်။

လုပ်ခမရတဲ့လုပ်အားတွေကို ထည့်တွက်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ တစ်မျိုးသားလုံး ထွက်ကုန်ပမာဏဟာ ဒေါ်လာ ၃၅၂ သန်းကနေ သန်းပေါင်း ၅ သိန်း ၄ ထောင်ထိ မြင့်တက်သွားမယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ဒါဟာ ဒီအလုပ်တွေလုပ်နေရတဲ့အမျိုးသမီးတွေရဲ့ ဘဝအခြေအနေနဲ့ မွဲတေမှုကြား ကွဲပြားမှု ဖြစ်ပါတယ်။

အသက် ၆၅ နှစ်ကျော် အမျိုးသမီးတွေက ရွယ်တူအမျိုးသားတွေထက် မွဲတေမှုနှုန်း နှစ်ဆပိုမြင့်ပါတယ်။ ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ ဒီအမျိုးသမီးတွေက ၎င်းတို့ရဲ့အိမ်ထောင်ဖက်၊ ကလေးတွေကို (လုပ်ခမရဘဲ) စောင့်ရှောက်ထိန်းကျောင်းခဲ့ရသူတွေဖြစ်နေလို့့ပါပဲ။

ဒီလုပ်အားတွေကို အမျိုးသမီးတွေဆီက ရရှိမယ်လို့ မျှော်လင့်ထားပြီးသားဖြစ်နေပါတယ်။ အချိန်ပြည့်အလုပ်ရှိတဲ့အမျိုးသမီးတွေတောင်မှ ဒီလုပ်ခမရတဲ့အလုပ်အများစုကို လုပ်နေရတုန်းပါပဲ။

ဒီလူ့အဖွဲ့အစည်းရဲ့ လိင်ခွဲခြားမှုအပေါ်အခြေတည်ထားတဲ့ မျှော်မှန်းချက်တွေက လူတန်းစားခွဲခြားမှုနဲ့လည်း အတွင်းကျကျ ဆက်စပ်နေသလို အမျိုးသမီးများကို ဆင်းရဲတွင်းထဲလည်း နှစ်နေပါတယ်။

၅။ မသန်စွမ်းလုပ်သားတွေကို ဆင်းရဲတွင်းထဲ ဆွဲသွင်းပါတယ်။

မသန်စွမ်းလုပ်သားတွေက ဝင်ငွေရရှိရေးမှာ ကန့်သတ်မှုတွေ ပိုများသလို တခြားသူတွေထက် ဆေးကုသစရိတ်ပိုလိုပါတယ်။ မိသားစုအတွင်းမှာ မသန်စွမ်းသူတစ်ယောက်ရှိနေရင်ကို တစ်မိသားစုလုံး ဆင်းရဲမွဲတေသွားနိုင်ပါတယ်။

မသန်စွမ်းသူတွေက အချိုးမမျှတစွာ ဆင်းရဲမွဲတေနေကြပါတယ်။ အလုပ်အကိုင်ရရှိခြင်းနဲ့ အဆင့်မြင့်ပညာရေးဆီ တက်လှမ်းနိုင်မှုနည်းပါးလို့ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ မသန်စွမ်းလုပ်သားတွေရဲ့ ပျမ်းမျှဝင်ငွေက ဒေါ်လာ ၁၇၀၀၀ ရှိပြီး သန်စွမ်းသူတွေရဲ့ဝင်ငွေကတော့ ဒေါ်လာ ၂၈၀၀၀ ရှိနေပါတယ်။

အလုပ်ရှင်တွေအနေနဲ့ သန်စွမ်းမှုအခြေခံခွဲခြားမှုမရှိစေရလို့ သတ်မှတ်ထားပေမယ့် မူဝါဒတွေကို စောင့်ကြည့်လေ့လာမှုမရှိပါဘူး။ ၂၀၀၈ လေ့လာမှုတစ်ခုအရဆိုရင် အလုပ်ရှင်တွေမှာ မသန်စွမ်းလုပ်သားတွေနဲ့ပတ်သက်ပြီး အနုတ်လက္ခဏာဆောင်တဲ့အမြင်တွေရှိကြပါတယ် တဲ့။

ဒီအချိုးအစားမမျှတမှုတွေ ဘာကြောင့် ဖြစ်နေရတာလဲ။ လက်ရှိလူတန်းစားစနစ် တည်ဆောက်ပုံကြောင့်ပါပဲ။

သန်စွမ်းသူတွေလုပ်နိုင်တဲ့လုပ်အားအမျိုးအစားတွေကို တန်ဖိုးထားတာကြောင့် မသန်စွမ်းလုပ်သားတွေအတွက် ရွေးချယ်စရာနည်းပါးသွားပါတယ်။

ဒါ့အပြင် လူထုကျန်းမာရေးစောင့်ရှောက်မှုလုံလုံလောက်လောက်မရှိတဲ့အတွက် မသန်စွမ်းလုပ်သားတွေက ကိုယ့်အိတ်ထဲကစိုက်ပြီး ဆေးကုသကြရပါတယ်။

ဒီစနစ်က သူတို့ကို ဖိနှိပ်ပြီး လည်ပတ်နေပါတယ်။

၆။ ဖမေးနစ်ဝါဒမှာ လူတန်းစားပြဿနာရှိနေပါတယ်။

…သတိမထားမိဘူးဆိုရင် ပြောပြရမှာပေါ့။

လူသိအများဆုံးဖမေးနစ်တွေက စီးပွားရေးတည်တည်ငြိမ်ငြိမ်ရှိတဲ့ အမျိုးသမီးတွေ ဖြစ်နေတာ သတိထားမိရဲ့လား။

ဟုတ်ပ၊ ကျွန်မရောပဲ။

တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ဖို့ အချိန်၊ အင်အား၊ အားစိုက်ထုတ်မှုများစွာ လိုအပ်ပါတယ်။ ဆိုတော့ အချိန်နဲ့ အင်အား နည်းနည်းပါးပါးရှိသူတွေ (အလုပ်တစ်ခုထက် ပိုမလုပ်နိုင်တဲ့ အလုပ်သမားလူမွဲတွေ၊ တစ်ကိုယ်တော်အမေတွေ) က စည်းရုံးရေးမလုပ်နိုင်ဖြစ်နေပါတယ်။

“ပရော်ဖက်ရှင်နယ်” ဖမေးနစ်တစ်ယောက်ဖြစ်ဖို့ဆိုတာ အထူးအခွင့်အရေးတစ်ခုဖြစ်ပါတယ်။ အတိအကျပြောရမယ်ဆိုရင် လူတန်းစားဆိုင်ရာအထူးအခွင့်အရေးပေါ့။

လူတန်းစားပြဿနာကို တည်မြဲစေတဲ့အဆောက်အဦးတွေကို ဖြိုဖျက်ပစ်ဖို့ လိုအပ်နေပါပြီ။

ဒီကနေ ဆက်သွားရမယ်ဆိုရင် …

၇။ လူတန်းစားက ဖိုဝါဒနဲ့ နက်နက်နဲနဲချိတ်ဆက်နေပါတယ်။

ဆိုတော့ ကျွန်မညွှန်းဆိုခဲ့တဲ့အဆောက်အဦးက ဖိုဝါဒပါပဲ။ ပိုပြီးတိတိကျကျပြောရမယ်ဆိုရင် သြဇာပေးတဲ့၊ အရင်းရှင် ဖိုဝါဒ ဖြစ်ပါတယ်။

ဖိုဝါဒက ပါဝါရှိသူတွေကို ပါဝါဆက်ရှိစေပြီး ဝါဝါမရှိသူတွေကို အစွန်ပို့ပစ်ကာ ဒီလူတန်းစားစနစ်ကို လည်ပတ်စေပါတယ်။

လူချမ်းသာနဲ့ တခြားတွေကြား ဝင်ငွေမမျှတမှုကို တွေ့ဖူးပါသလား။ လုံးဝမယုံနိုင်စရာပါပဲ၊ ပြီးတော့ ကွာဟမှုက တဖြည်းဖြည်း ပိုဟလာပါတယ်။ ၂၀၁၂ မှာ အမေရိကရဲ့ ထိပ်ပိုင်း ၁၀ % က ဝင်ငွေစုစုပေါင်းရဲ့ တစ်ဝက်ကျော်ကို ရယူထားပါတယ်။ ဒါက အမေရိကသမိုင်းမှာ အမြင့်ဆုံးအချိုးအစားဖြစ်ပါတယ်။

ကျွန်မတို့ရဲ့စနစ်က ချမ်းသာသူတွေကို ဆက်ချမ်းသာစေပြီး တခြားသူတွေကို အောက်မှာပဲဆက်ရှိစေပါတယ်။ ပါဝါအဆောက်အအံကို ဆက်မြဲစေပါတယ်။

လူတန်းစားခွဲခြားမှုကို တိုက်ဖျက်တာက ဖမေးနစ်ဝါဒမှာ ခပ်နက်နက်ထိအမြစ်တွယ်နေပါတယ်။ အကြောင်းကတော့ လူတန်းစားခွဲခြားမှုဟာ ဖိုဝါဒရဲ့ အင်အားကြီး ဖိနှိပ်ရေးလက်နက်တွေထဲက တစ်ခုဖြစ်နေပြီး ဒါကို ဖမေးနစ်ဝါဒက တိုက်ဖျက်နေတာကြောင့်ပါပဲ။

***

ဆိုတော့ လူတန်းစားခွဲခြားမှုကို သေချာစောင့်ကြည့်ဖို့လိုပါတယ်။

လူတန်းစားခွဲခြားမှုက အခြားသောဖိနှိပ်မှုအသွင်ပုံစံတွေနဲ့လည်း ဆက်စပ်နေပြီး ဒီမမျှတမှုကို ဆက်ရှိနေဖို့ အားပေးရုံတင်မက ဒီမမျှတမှုတွေကို အစကတည်း ဖန်တီးပေးခဲ့သူလည်း ဖြစ်နေပါတယ်။

ဆိုတော့ ပါဝါကို တိုက်ကြပါစို့။ လူတန်းစားခွဲခြားမှုကို အဆုံးသတ်နိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပုံသေကားချပ်သတ်မှတ်ခြင်းကို ရပ်တန့်ပါ။

လူတန်းစားအထူးအခွင့်အရေးမရှိသူတွေထဲမှာ အတွေ့အကြုံနဲ့ နောက်ခံမျိုးစုံရှိသူတွေပါဝင်ကြပါတယ်။

“တောသားတွေ” ၊ “အစိုးရထောက်ပ့ံကြေး မှီစားသူတွေ” ဆိုတဲ့ ပုံသေကားချပ်နာမည်တွေနဲ့ မသတ်မှတ်လိုက်ပါနဲ့။

၂။ လူတန်းစားခွဲခြားမှုရှိနေတဲ့ အဖွဲ့အစည်းတွေကို စိန်ခေါ်ပါ။

အကျိုးအမြတ်မပါ၊ လူမှုတရားမျှတမှုအတွက် လုပ်ကိုင်နေတဲ့အဖွဲ့အစည်းတွေရဲ့ လူတန်းစားခွဲခြားမှုအဆောက်အဦတွေကို စိန်ခေါ်ဖို့ ဒီလင့်ခ်က လမ်းညွှန်ကို သုံးနိုင်ပါတယ်။

၃။ ပညာသားပါပါ မြှုပ်နှံပါ။

ကိုယ့်မှာရှိနေတဲ့ငွေကြေးကို ကောင်းကျိုးအတွက် သုံးပါ။

ဘဏ်အကြီးကြီးတစ်ခုခုအစား ငွေကြေးသမဂ္ဂတစ်ခုခုဆီ ဝင်ပါ၊ ဒေသခံအဖွဲ့အစည်းတွေဆီ လှူဒါန်းပါ၊ အလုပ်သမားအခွင့်အရေးမချိုးဖောက်တဲ့ ကုမ္ပဏီတွေ၊ လယ်သမားစျေးတွေမှာ စျေးဝယ်ပါ။

၄။ ရပ်တည်မှုတစ်ခု ရှိပါစေ။

ဆန္ဒပြမှုတစ်ခု ဖန်တီးပါ၊ အဖွဲ့အစည်းတစ်ခုခုကို တည်ထောင်ပြီး လက်မှတ်ရေးထိုးတောင်းဆိုမှု ပြုလုပ်ပါ။

လူတန်းစားခွဲခြားမှုကို ဆန့်ကျင့်မယ့် တစ်ခုခုကို စလုပ်ပါ။ ဘယ်လိုနည်းတွေနဲ့ စတင်နိုင်မလဲဆိုတာ ဒီမှာကြည့်ပါ။ လူတန်းစားခွဲခြားမှုကို ရပ်တန့်ဖို့ ဘယ်လုပ်ရပ်တွေကို စလုပ်မလဲ။

နေသန်ဘာသာပြန်သည်